Local News

ဧရာမတ်ပဲဈေးနှင့် ဈေးကွက်အလားအလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ပဲမျိုးစုံကုန်စည်ဒိုင်၏ နေ့စဉ်အရောင်းအဝယ်ဖြစ် လျှက်ရှိသော ဈေးနှုန်းများအရ  ဧပြီလ စတုတ္ထပတ်မှစတင်ပြီး မတ်ပဲတစ်တင်းလျှင် ကျပ် ၇၀၀၀၀ အထက်ရောက်ရှိလာကြောင်းသိရသည်။ ဆက်လက်၍ မတ်ပဲဈေးနှုန်း တဖြည်းဖြည်းတက်လာ နေပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မေလ ၈ ရက်နေ့တွင် မတ်ပဲ ၁ တင်းလျှင် ကျပ် ၇၀၃၀၀၊ ၉ ရက်နေ့တွင် ကျပ် ၇၁၁၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၇၁၇၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၇၁၁၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၇၁၄၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၇၂၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

ယခင်နှစ် ကာလတူဈေးနှုန်း တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ယခု လက်ရှိ ဈေးနှုန်းသည် စံချိန်တင်နှုန်းထားတစ်ခုဖြစ်လာကြောင်း၊ လက်ရှိမတ်ပဲဈေးသည်လည်း တောင်သူ အတွက်အမြတ်ပိုမိုရရှိလာ​ခြင်းမဟုတ်ပဲ မြန်မာငွေကြေးဈေးနှုန်း ကျဆင်းခြင်းကြောင့်သာဖြစ်ပြီး FOB ဈေးနှုန်းမှာပုံမှန်သာဖြစ်ကြောင်း သိရှိရသည်။

မေလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဝန်ကြီးဌာနသည် ပဲတင်သွင်းသူ ကုန်သည်အသင်းများ၊ မြန်မာဘက်မှ ပဲတင်ပို့ရောင်းချသူ exporter များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ ပြီး မြန်မာဘက်မှ ပဲတင်ပို့သူ exporter များအနေဖြင့်အိန္ဒိယနိုင်ငံသို့ တင်ပို့မှုအား ကြန့်ကြာစေရန် ဆောင်ရွက်နေကြောင်း ၊ထိုကဲ့သို့ တင်ပို့မှုဆက်လက်နှောင့်နှေးနေမည် မည်ဆိုပါက အိန္ဒိယနိုင်ငံ အနေဖြင့် အစိုးရခြင်း G to G စာချုပ်ချုပ်ဆို ဝယ်ယူသွားရန်သာရှိကြောင်း အဆိုပါအစည်းအဝေး တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။ မြန်မာ exporter များဘက်မှလည်း ပဲတင်ပို့မှုကို ကြန့်ကြာ စေခြင်းမျိုးဆောင်ရွက်ခြင်းမရှိကြောင်း ပြန်လည်ငြင်းဆိုထားသည်။

ယခုနှစ်မြန်မာမတ်ပဲစိုက်ဧကနှင့် အထွက်နှုန်းမှာလည်း သိသိသာလျော့ကျခဲ့ပြီး အိန္ဒိယ နိုင်ငံ၏ ပဲလိုအပ်ချက်မှာလည်း တိုးလာနေသည်။ အိန္ဒိယနိုင်ငံအစိုးရသည် မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကာလကို ၂၀၂၄ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်ပေးထားသဖြင့် ပဲစိုက်ပျိုးသူတောင်သူများနှင့် တင်ပို့မှုကွင်းဆက်တစ်လျှောက်ပါဝင်သူများ အကျိုးအမြတ်ပိုမိုရရှိ လာနိုင်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် မတ်ပဲ၊ ပဲစဉ်းငုံ ပိုမိုစိုက်ပျိုးရေး၊ ရာသီအမီစိုက်ပျိုးနိုင်ရန် ကြိုတင်ပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက တိုက်တွန်းထားကြောင်းသိရှိရသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန

Category: Local News